.

ရွာနာမည်

ကုက္ကိုစုဆိုတာ သာမန်ရွာငယ်လေးတစ်ရွာရဲ့အမည်နာမသာဖြစ်ပါတယ်။ ဒီရွာလေးဟာ အိမ်ခြေတစ်ရာလောက်ပဲ ရှိမယ်ထင်ပါတယ်။ အလွန်ဆုံးရှိလှ ၁၅၀ ပေါ့။ မြန်မာပြည် အထက်ပိုင်း ရွှေဘိုခရိုင်၊ ရေဦးမြို့နယ်ထဲ ရွာတစ်ရွာပါ။ ဘာ့ကြောင့်ဒီရွာကို ကုက္ကိုစု လို့ ခေါ်သလဲဆိုတာကိုတော့ ကောင်းကောင်းမသိပါဘူး။


ငယ်ငယ်က ကလေးအချင်းချင်း ပြောစကားအရဆိုရင် မူးမြစ်ထဲမှာ မျောပါလာတဲ့ ကျောက်ဖျာကြီးကို ရွာသူရွာသားတွေ ၀ိုင်းဝန်းစုစည်းပြီး ကုတ်တွေနဲ့ ကော်ထုတ်ပစ်ကြတာကို ရည်ရွယ်ကာ ကုတ်ကော်စု လို့ အမည်တွင်ရာကနေ ကာလရွေ့လျောပြီး ကုက္ကိုစု ဖြစ်လာတယ်လို့ သိရပါတယ်။

ဘယ်သူမှ အတိအကျသိမယ် မထင်ပါဘူး။ သိမီသူလူကြီးတွေကို မေးကြည့်ပြန်တော့လဲ ကလေးက ကလေးလိုမနေဘူး ဟိုမေးဒီမေးနဲ့ ဆိုပြီး အဆူအငေါက်ခံရတာပဲ ရှိပါတယ်။ တိကျ တဲ့ အဖြေကို မပေးနိုင်ခဲ့ကြပါဘူး။ အခြားတခု တွေးစရာရှိတာက ကုက္ကိုပင်တွေ စုဝေးပေါက်ရောက်နေလို့ ကုက္ကိုစု လို့အမည်တွင်တာများလာပေါ့။

ဒါလဲ ဟုတ်မယ်မထင်ပါဘူး။ ရွာမှာ ကုက္ကိုပင်ဆိုလို့ အမောဆို့အောင် ပြေးကြည့်မှ တပင်လား ရှိရဲ့။ မရောက်ဘူးသူတွေက ပြောမှာပေါ့ ကုက္ကိုစု ဆိုတော့ မင်းတို့ရွာ ကုက္ကိုပင်တွေ ပေါမှာပေါ့ကွာလို့။ ကုတ်ကောစုကနေ ကုက္ကိုစု ဖြစ်လာတယ်ဆိုတဲ့ ဗြုပ္ပါဌ်ကိုပဲ သဘောကျမိပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အဲဒီပါးစပ်ရာဇ၀င်ဟာ အခုထိတွင်ကျယ်နေသေးလို့ပါပဲ။

ဘာ့ကြောင့် ကျောက်ဖျာကြီးကို ကော်ထုတ်ပစ်လိုက်ရသလဲဆိုတာက ပိုပြီးစိတ်ဝင်စားဖို့ ကောင်းနေပါတယ်။ မူးမြစ်အထက်ကနေ မျောပါလာတဲ့ ကျောက်ဖျာကြီး ရွာမှာတင်နေရင် ရွာပျက်မယ်ဆိုတဲ့ နိမိတ်ကြောင့် ကော်ထုတ်ပစ်လိုက်ရတယ်လို့ မှတ်သားဘူးပါတယ်။ ဒီရွာက ကော်ထုတ်ပစ်လိုက်တဲ့ ကျောက်ဖျာကြီးဟာ တောင်ဘက်က ရွာမှာ တင်နေတယ်၊ အခုထိလဲ ရှိနေသေးတယ်လို့ ဆိုပါတယ်။

ကျောက်ဖျာကြီး မူးမြစ်ထဲ ပြန်မပါ မချင်း မူးမြစ်က ရွာကိုတိုက်စားနေမှာတဲ့။ ဟုတမယ်ထင်ပါရဲ့ အခုဆို မူးကမ်းပါးဟာ ရွာအလယ်ကိုရောက်နေပါပြီ။ တောင်ရွာကလူတွေလဲ အိမ်တွေ ရွှေ့ရင်း ရွှေ့ရင်းနဲ့ သင်္ချိုင်းကုန်းနောက်ဖက်ကို ရောက်မှန်းမသိ ရောက်ကုန်ကြပြီလေ။ ဒီလိုနဲ့ ရွာဟာ သင်္ချိုင်းကုန်းကို ခေါင်းပြုအိပ်နေရ တဲ့အဖြစ်။ သုဿန်ဆိုတာ ရွာနောက်ဘက်မှာပဲ တည်ရိုးထုံးစံရှိတယ်။

လောလောဆယ်တော့ သုဿန်က ရွာအလယ်မှာ နေရာယူထား သလိုဖြစ်နေပြီ။ ဒီလိုအနေအထားဟာ ရွာတစ်ရွာအတွက် မကောင်းတဲ့ အနေအထား ပေါ့။ ဒါ့ကြောင့် လတ်တလောဖြစ်ပျက်မှုအခြေနေကိုကြည့်ရင် ကုတ်ကော်စုကနေ ကုက္ကိုစု ဖြစ်လာတယ်ဆိုတဲ့ ကလေးတွေအစဉ်အဆက်ပြောစကားသာ အမှန်ဖြစ်နိုင်တယ်လို့ ဆုံးဖြတ်ရမလိုပါပဲ။ ဝေးတမြေရောက် ကုက္ကိုစုရွာသားတစ်ယောက်ရဲ့ ရွာအမှတ်တရတွေကို အလွမ်းပြေစေဖို့ ဒီဘလော့ဂ်လေးကို စတင်တည်ထောင်လိုက်ပါသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...