.

တံတားဦးက

တစ္ဆေ သရဲဆိုတာ သူတို့ ပျော်ရွှင်မှုအတွက် လူသားတွေလန့်အောင် ခြောက်လှန့်တာမျိုး ရှိသလို၊ သူတို့ ၀မ်းစာရေးအတွက် ကြောက်လန့်သွားအောင် ခြောက်ရတာမျိုးလည်းရှိတယ်။ တခါတခါ ငါတို့မကျွတ်မလွတ်သေးဘူး၊ငါတို့ ဒီမှာရှိနေ သေးတယ်လို့ အသိပေးချင်လို့ ကိုယ်ထင်ပြရတာ မျိုးလည်းရှိတတ်ပါတယ်။အဲဒါမျိုးတစ္ဆေကိုတော့ ကျန်ရစ်သူမိသားစုကအမျှပေးဝေဖို့ပါပဲ။


ဘာပဲဖြစ်ဖြစ်ပေါ့လေ မကြောက်တတ် ရင်တော့ အကောင်းဆုံးပေါ့။ တချို့ကကိုယ်တိုင်မမြင်ဘူးဘဲ ကြားဘူး နားဝနဲ့တင်ကြောက်နေတာ။တစ္ဆေအကြောင်းပြောရင်လည်း သိပ်နားထောင်ချင်တာ။ နားထောင်းရင်း လူကြားထဲကို မသိမသာ တဖြည်းဖြည်းတိုးဝင်လျက်သားဖြစ်နေတတ်တာ။ ငယ်ငယ်က ဆို တစ္ဆေ အကြောင်း ပြောရတာ၊ နားထောင်ရတာ သိပ်ဝါသနာပါကြတာ။

နာမည်ကြီးတစ္ဆေတွေကတော့ ရွာထိပ် တံတားဦးက တစ္ဆေနဲ့ မူးမြစ်ထဲကိုဆင်းရာ အင်ကြင်းပင်က တစ္ဆေတွေပေါ့။ ဆောင်းဦးဝင်စ တစ်ညမှာ… ကျောင်းသားတစ်ယောက်က အိမ်ပြန်ပြီး စောင်ယူဖို့ သူ့ သူငယ်ချင်းနှစ်ယောက်ကို အဖော်အဖြစ်လိုက်ခဲ့ပါလို့ခေါ်သွားတယ်။ ရွာဦးကျောင်း မြောက်ပေါက်အထွက်မှာ တံတားဦး၊ တံတားဦးကနေဖြတ် ရွာထဲကိုဝင်ရမှာ။အဓိကက တံတားဦးကို သတ္တိရှိရှိ ကျော်ဖြတ်နိုင်ဖို့ပဲ။

တံတားဦးလည်းရောက်ရော သုံးယောက်သား ဟိုကြည့်ဒီကြည့်နဲ့ ဘာများတွေ့မလဲပေါ့။ “ ချောက် ချောက်” အမလေးဗျ! သုံးယောက်သား ပြိုင်တူအော်လိုက်တဲ့အသံ။ အိမ်ကိုဘယ်လိုရောက်သွား မှန်းမသိလိုက်ဘူး။ “ဟောဟဲ ဟောဟဲ” အသက်ကို လုရှူနေရတယ်။ မောလွန်းလို့။ စကားလည်း မပြောဖြစ်ကြဘူး။

ကျောင်းသားက အိမ်ပေါ်တက် စောင်လေးပွေ့လို့ ပြန်ဆင်းလာတယ်။ ဟေ့ကောင်. မင်းတို့ ဘာတွေ့လိုက်လဲ၊ ငါတော့ ဘာမှမတွေ့ဘူးကွ။ အသံပဲကြားလိုက်တယ်။မင်းရော ဘာတွေ့လဲ။ နောက်တယောက်ကို မေးလိုက်တော့.. ဟေ့ကောင် ငါတော့ ခွေးနက်ကြီးတွေ့လိုက်ရတယ်။ အကြီးကြီးပဲ။ နွားပေါက်လောက် ရှိတယ်။

ဟာ…… ဟုတ်လား။ အေး ကြီးတယ်ကွာ။ ငါတော့ မပြန်ရဲတော့ဘူး။ မင်းတို့ပဲ ပြန်ကြတော့။ သူတို့နှစ်ယောက်က… ဟ. မပြန်လို့ ဘယ်ဖြစ်မလဲ။ မင်းကို ဘုန်းကြီးက ရိုက်မှာပေါ့ကွ။ လာပါကွာ။ မကြောက်ပါနဲ့။ ငါတို့လည်းပါသားပဲ။ ဘာမှ ကြောက်စရာမရှိဘူး။ မင်းတို့ရှေ့ကသွား။ ငါက နောက်ကနေမယ်။ ဟုတ်လား။ အေး ဒါဆိုလဲ ပြန်ကြမယ်ကွာ။ တစ်ခုတော့ ရှိတယ်နော်၊ တံတားဦးရောက်ရင် မပြေးကြေး။ ခွေးကြီးကို မြင်လိုက်ရတဲ့ ကျောင်းသားက ပြောလိုက်တဲ့ ကတိစကား။

ကျန်နှစ်ယောက်က … အေးပါကွာ မပြေးပါဘူး။ လာ လက်ချင်းချိတ်ထားမယ်။ အေး ကောင်းတယ်။ ဒီလိုနဲ့ ရွာထဲက ပြန်လာ တံတားဦးလဲရောက်ရော စောစောက အသွားတုန်းကထက် ပိုတဲ့ သတိအနေအထားနဲ့။ နောက်ဖက်လမ်းကြားထဲကို သူ့ထက်ငါ ပိုမြင်ရအောင် မျက်လုံးကို အတတ်နိုင်ဆုံး ပြူးကြည့်နေမိတယ်။

“ချောက်. ချောက်” သူတို့ကြည့်နေတဲ့ အနောက်ဖက်လမ်းကြားထဲက မဟုတ်ဘဲ၊ အရှေ့ဘက် လမ်းကြားထဲက ထွက်ပေါ်လာတဲ့ အသံ။ အမလေးဗျ ဆိုတဲ့ အသံပဲ ပြိုင်တူထွက်လာတယ်။ စောစောက တွဲထားတဲ့ လက်တွေလဲ ဘယ်ရောက်ကုန်မှန်းမသိဘူး။ လူကတော့ ကျောင်းပေါ်ကိုပဲ တန်းကနဲ့ ရောက်သွားတယ်။

ဒါပေမဲ့ တစ်ယောက်ကျန်ခဲ့တယ်။ စောင်သွားယူတဲ့ ကျောင်းသား။ သတ္တိရှိတဲ့ကောင်ထွက်ခဲ့ကွ။ ဘယ်ကောင်မှမကြောက်ဘူး။ ၀ါးခြမ်းပြားကြီးရမ်းလို့ နောက်ဆုတ်နောက်ဆုတ်နဲ့ စိမ်ခေါ်လာတယ်။ ကျောင်းမှာကျန်ခဲ့တဲ့ ကျောင်းအိပ်ကျောင်းစားသူငယ်ချင်းတွေက… ဟေ့ကောင်တွေ မင်းတို့ ဘာဖြစ်လာကြ တာလဲ။ ဒီကောင်ပေါ့ကွာ… တံတားဦးမှာ ခွေးနက်ကြီးတွေ့ခဲ့လို့တဲ့။ ဟုတ်လား။ အေး ဟုတ်တယ်။

ဟိုတခါက ရွာထဲက လူကြီး တစ်ယောက် မူးပြီး အိမ်ပြန်အလာ တံတားထိပ်မှာ သပိတ်လုံးလောက်ရှိတဲ့ မျက်လုံးကြီး နှစ်လုံးက လည်ပြနေတာ တွေ့ရသတဲ့ကွ။ သူလဲသောက်ထားတဲ့အရက် ဘယ်ပျောက်သွား မှန်းမသိဘူး။ တချိုးတည်း ထွက်ပြေးရတာ ကြောကိုကော့နေတာပဲတဲ့ကွ။ အဲဒီနား ကျောင်းပေါက်ဝ ဇရပ်ပေါ်ကလဲ ခဏခဏခြောက်တယ်။ မနက်စောစော ဆွမ်းပို့လာတဲ့သူတွေကို ချောင်းဟန့်ပြတယ်။ စကားပြောသံတွေလဲ ကြားရတယ်။ ဇရပ်ပေါ်မှာက အသုဘချတဲ့ ကုဋင်တွေထားတာကိုးကွ။

တခါညနေပိုင်း မှောင်ရီပျိုးစ အချိန် ကျောင်းသားတွေ ကျောင်းအလာမှာ အထုပ်တွေပစ်ချတာကွ ဇရပ်ပေါ်ကနေ။ အစတော့ ကြောင်တွေ ခုန်ချတယ် ထင်တာပေါ့။ အောက်မြေကြီးပေါ်လဲ ကျရော ဘာမှမတွေ့ရဘူး။အဲဒီအခါကျမှ တစ္ဆေခြောက်မှန်းသိရတယ်။ ရောက်တတ်ရာရာ တစ္ဆေအကြောင်းပြောရင်း ကျောင်းသားတွေအားလုံး အိပ်ပျော်သွားကြလေရဲ့။

ညကြီးသန်းခေါင်ကျော်လောက်မှာ ငိုသံသဲ့သဲ့ ထွက်ပေါ်လာတယ်။ ကျောင်းသားတယောက် ကြိတ်ပြီး ငိုနေတဲ့အသံ။ ဘယ်သူမှလဲ မနိုးကြဘူး။ သူကလဲ သူများတွေနိုးလာမှာစိုးလို့ တိတ်တိတ်လေး ငိုနေတယ်။ ဗိုက်လေးကိုနှိပ်ပြီး လူးလိမ့်နေတယ်။ မျက်နှာမှာလဲ မျက်ရည်တွေ ရွှဲရွှဲစိုလို့။သူငိုနေတာ ကြာပြီ။ သူ သည်းမခံနိုင်တော့ဘူး။ ဒါနဲ့ နီးရာကျောင်းသားကို လက်နဲ့ လှုပ်ပြီး နှိုးလိုက်တယ်။

ဟေ့ကောင်! ဟေ့ကောင်!ထဦး။ ဟင်… ဟေ့ကောင် မင်းဘာဖြစ်လို့ ငိုနေတာလဲ။ နိုးလာတဲ့ ကျောင်းသားက မေးလိုက်မှ သူပိုပြီး ငိုအားကောင်းလာတယ်။ ငါ ဗိုက်တအား နာတယ်။ ဘာဖြစ်တာလဲ မသိဘူး။ ကျောင်းသားကြီးက ငါ ပရုပ်ဆီလိမ်းပေးမယ်ကွာဆိုပြီး ငိုနေတဲ့ ကျောင်းသားရဲ့ဗိုက်ကို ပရုပ်ဆီနဲ့ အသာအယာ လိမ်းပေးနေတယ်။ မင်း ခဏနေ သက်သာသွားမှာပါ။ အိပ်လိုက်နော်။ လို့ ပြောပြီး ကျောင်းသားကြီးလဲ ပြန်အိပ်သွားတယ်။ သူလဲ ခဏအိပ်ပျော်သွားတယ်။

မကြာပါဘူး။ ဗိုက်ကပြန်နာလာတယ်။ မနေနိုင်အောင် နာလာတယ်။ သူ့ငိုအားလဲ ပြင်းထန်လာတယ်။ ငိုသံကြောင့် ကျောင်းသားတွေလဲ နိုးလာကြတယ်။ တစ်ယောက်တမျိုးနှစ်သိမ့်ပေးပြီး ၀ိုင်းသိပ်ကြတယ်။ ဒါပေမဲ့ သူအိပ်လို့ မရတော့ဘူး။မနက် အရုဏ်တက်တဲ့အထိပဲ။ တိုက်ဆိုင်ချင်တော့ မနက်ခင်းမှာ သူ့အဖွား ကျောင်းကို ဆွမ်းပို့လာတယ်။ ကျောင်းသားကြီးက အဖွား… ခင်များ မြေး ဘယ်ဖြစ်တယ်မသိဘူး။ တညလုံး ဗိုက်နာလို့ဆို ငိုနေတယ်။ အဖွားအိမ်ခေါ်သွားပါ။ ကျနော် ကြောပိုးပြီး လိုက်ပို့ပေးပါ့မယ်။ အေးကွယ် အေးအေး။

အိမ်ရောက်တော့ ကျောင်းသားကြီးက သူ့ကြောပေါ်ကနေ အသာချပြီး အဖိုးရဲ့ပေါင်ပေါ်မှာ ခေါင်းလေးတင်ပေးလိုက်တယ်။ အဖိုးလုပ်သူက ငါ့မြေး ဘာဖြစ်တာလဲကွ။ ကျောင်းသားကြီးက- မသိဘူးအဖိုးရဲ့ ဗိုက်နာတယ်ဆိုပြီး တညလုံး လူးလိမ့် ငိုနေတာပဲ။ ပရုပ်ဆီလိမ်းပေးတာလဲမသက်သာဘူး။ အဖိုး- ဟာ ဒါဆို တစ္ဆေပါတာလားမသိဘူး။ ညက မင်းတို့ ဘာတွေဖြစ်သေးတုန်း။ ကျောင်းသားကြီး- ဟုတ်မယ် အဖိုး။ ညက သူ တံတားဦးထိပ်က ခွေးတစ္ဆေတွေ့လို့ ဆိုပြီးပြေးလာတာတွေ့တယ် အဖိုး။ အဖိုး- သေချာတယ်။ ငါ့မြေး တစ္ဆေပါလာတာ။

အမယ်ကြီး တစ္ဆေပစ်ရအောင်လုပ်၊ မီးဖိုထဲမှာရှိနေတဲ့ အဖွားကို အဖိုးက လှမ်းပြောလိုက်တယ်။ ဟုတ်ကဲ့ပါတော်။ အဖွား- ဘယ်လိုလုပ်ရမှာလဲ။ အဖိုး-ထမင်းရယ်၊အသားဟင်းရယ်။ရေတစ်ခွက်ရယ်။ ဓါးမတချောင်းရယ် ယူသွားကွာ။ ငှက်ပျော်ဖက်ပါ ယူသွားနော်။ တံတားဦးရောက်ရင် ငှက်ပျောဖက်ကိုခင်း၊ ထမင်းနဲ့ဟင်းကိုထဲ့၊ အပေါ်ကနေ ရေလောင်း။ ပြီးရင် နင် ငါ့မြေးကို ဘယ်တော့မှ မခြောက်တော့နဲ့၊ နောင်ထပ်ခြောက်ရင် နင့်ကို ဓါးမနဲ့ခုတ်မယ်လို့ ပြောပြီး ထမင်းပုံပေါ်ကို ဓါးမနဲ့ခုတ်ထားခဲ့။

ပြီးတာနဲ့ အော်- လွတ်ပြီလား ကျွတ်ပြီးလား လို့။ ငါက ဒီကနေ ပြန်အော်မယ်၊ လွတ်ပြီဟေ့ ကျွတ်ပြီဟေ့ လို့။ သိပ်မကြာခင်မှာပဲ အဖွားရဲ့အသံကို တဆင့်အော်ပေးတဲ့ ကြားအိမ်က အဖွားတစ်ယောက်ရဲ့အသံ- လွတ်ပြီလား ကျွတ်ပြီလား။ လွတ်ပြီဟေ့ ကျွတ်ပြီဟေ့။ လွတ်ပြီဟေ့ ကျွတ်ပြီဟေ့။ လွတ်ပြီဟေ့ ကျွတ်ပြီဟေ့။

ဘယ်လောက်အစွမ်းထက်တယ် မထက်တယ်တော့ မသိဘူး။ မြေးလုပ်သူက တချိုးထဲ ကျောင်းကို ထပြေးတော့ တာပဲ။ အော်… ဒီနေ့ မုတ်စီရွာမှာ ရှင်ပြုအလှူရှိတယ်လေ။အဲဒီရွာကို သူက ဘုန်းကြီးနောက် အာဂန္တုကျောင်းသားအဖြစ်လိုက်ပါသွားရမှာကိုး။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...