.

အခြေခံမူလတန်းကျောင်းက



ရွာဦးကျောင်းရဲ့နောက်ပေါက်တည့်တည့်မှာ အခြေခံမူလတန်းကျောင်း၊ ကျောင်းရဲ့အနောက်မြောက် မျက်စောင်းထိုးလေးမှာ သင်းချိုင်းကုန်းရှိတယ်။ သင်းချိုင်းက တစ္ဆေခြောက်တယ်လို့ အခုချိန်ထိ တခါမှမကြားဘူးသေးးဘူး။ဒါပေမဲ့ စာသင်ကျောင်းက တော့ ခြောက်တယ်။


ရွာဦးကျောင်းက ဦးဇင်းတစ်ပါး ကိုယ်တွေ့ပဲလေ။ ဦးဇင်းဆို နေ့တိုင်းလို သရဲတွေကိုမြင်ရတယ်တဲ့။ သူမြင်ခဲ့ရပုံတွေကိုလဲ ကျောင်းသားတွေကိုပြောပြတယ်။ ကျောင်းသားတွေက မယုံဘူး။ တနေ့တော့ ဦးဇင်းက စိမ်ခေါ်တယ်။ မယုံရင် မင်းတို့ထဲက သတ္တိရှိတဲ့ကောင် ငါနဲ့လိုက်ခဲ့။

ဦးဇင်းက နေ့တိုင်း ညနေပိုင်းဆို စာသင်ကျောင်းက ခေါင်းလောင်းကြီးကို သွားပြီးဖြုတ်ရတယ်။ ဖြုတ်ပြီး ဘုန်းကြီးကျောင်း ထဲမှာ သိမ်းပေးထားရတယ်။ ခေါင်းလောင်းဆိုလို့ တကယ့်ကြေးခေါင်းလောင်းလို့တော့ မထင်လိုက်နဲ့။ ကားဘီးသံခွေကြီးကို ကျောင်းတက် ကျောင်းဆင်း ခေါင်းလောင်းအဖြစ် အသုံးပြုထားတာရယ်။ အဲဒါကြီးကို ဦးဇင်းက ညနေတိုင်း သွားဖြုတ်ပြီး သိမ်းပေးရတယ်။

သူ စာသင်ကျောင်းကိုသွားတိုင်း တစ္ဆေသရဲဆိုတာတွေကို တွေ့နေကျ။ ဒါကို ကျောင်းသားကြီးတွေက မယုံဘူး။ သူတို့ကို သက်သက်ကြောက်အောင်လို့ ခြောက်နေတာပဲလို့ ခံငြင်းတယ်။ ဒါဆိုမင်းတို့ထဲက သတ္တိရှိတဲ့ကောင်လိုက်ခဲ့ဆိုတော့ ကျောင်းသားတစ်ယောက်က တပည့်တော်လိုက်မယ် ဆိုပြီး ဦးဇင်းနဲ့ အတူ အတန်းကျောင်းကို လိုက်သွားတယ်။ အသွားလမ်းမှာ ဘာမှမတွေ့ဘူး။

ကျောင်းသား--ဦးဇင်း- ဘာမှာလဲ သရဲ လို့မေးတယ်။
ဦးဇင်း-- တွေ့မှာပေါ့ကွာ။
ကျောင်းသား-- ဘာမှမဟုတ်ဘူး။ ဦးဇင်းတစ်ပါးတည်းမသွားရဲလို့ တပည့်တော်တို့ကို အဖော်အဖြစ်လိမ်ခေါ်တာ မဟုတ်လား။
ဦးဇင်း-- အောင်မာ. ငါ နေ့တိုင်းသွားနေကျ၊ ဘာဖြစ်လို့ မသွားရဲရမှာလဲ။
ကျောင်းသား-- ဒါဆို သရဲပြမယ်ဆို၊ ဘယ်မှာလဲ သရဲ။
ဦးဇင်း-- အေးပါကွာ၊ တွေ့ရမှာပေါ့။ လို့ ပါးစပ်ကလဲပြော၊ လက်ကလဲ ခေါင်းလောင်းကြီးကို ဖြုတ်။ ပခုံးပေါ်ထမ်းလာတယ်။
အပြန်လဲကျရော စာသင်ကျောင်းရှေ့ မန်းကျည်းပင်အောက်မှာ ဦးဇင်းက သရဲတွေကို တွေ့လိုက်ရတယ်။

နောက်ကပါလာတဲ့ ကျောင်းသားဘက်လှည့်ပြီး-ဟေ့ကောင် မင်းသရဲကြည့်ချင်တယ်ဆို ဟုတ်လား။ မှန်ပါ၊ ဘယ်မှာလဲဘုရား။ ဟို မန်းကျည်းပင်အောက်ကို ကြည့်လိုက်။ အမေ! လို့အော်သံနဲ့အတူ ကျောင်းသားဟာ ဦးဇင်းရဲ့ ကျန်နေတဲ့ ပခုံးတဘက်ကို တွဲလွဲခိုပြီးသားဖြစ်သွားတယ်။ ဦးဇင်းက- ကြည့်လေကွာ။ မင်းပဲ သရဲကိုမြင်ချင်တယ်ဆို။

ကျောင်းသားလဲ ကြောက်ကြောက်နဲ့ ဦးဇင်းရဲ့သင်္ကန်းကို အကာအကွယ်ယူပြီး ခိုးကြည့်လိုက်တယ်။ သရဲတွေဟာ မီးဖိုပြီး၊ မီးဖိုဘေးမှာ အမျိုးမျိုး ခုန်ပေါက် အော်ဟစ် ဆော့ကစားနေကြတာကို သူ တွေ့လိုက်ရတယ်။ ဦးဇင်းက သရဲ တွေနား ရောက်တော့ - အေး. မင်းတို့ထဲကကျွတ်ချင်တဲ့ကောင် ကန်တော့ကွာ လို့ပြောလိုက်တယ်။

တချို့သရဲတွေက ဦးဇင်းကို ကန်တော့ကြတယ်။ တကယ်ကျွတ်ချင်လို့ နေမှာပေါ့နော်။ တချို့သရဲတွေက ဦးဇင်းကို ပြောင်ကြတယ်။ တချို့က ကြောက်မလားလို့ ခြောက်ကြတယ်။ တချို့က ဖင်ကုန်းပြကြတယ်။ ဦးဇင်းကမကြောက်ပေမဲ့ ကျောင်းသားကတော့ ကြောက်လွန်းလို့ တုန်နေတယ်။ ဇောချွေးတွေလဲ ပြန်လို့။

ဦးဇင်းက ကျောင်းသားကြောက်နေမှန်းသိလို့ သူ့ကို သင်္ကန်းနဲ့ ဖုံးအုပ်ပေးထားတယ်။ တစ္ဆေသရဲတွေ မမြင်စေချင်တာလဲ ပါတာပေါ့။ တစ္ဆေသရဲတွေက ကျောင်းသားကိုသာ မြင်သွားရင် ဘာလုပ်ကြမယ်မသိဘူးနော်…

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...