.

ရွာဦးကျောင်းဆရာတော်

လွန်ခဲ့သော တစ်လကျော်ခန့်လောက်က ညီတောင်မောင်ဖုန်းဆက်အကြောင်းကြား၍ သာ ရွာဦးကျောင်းဆရာတော် ဘ၀နတ်ထံပျံလွန်တော်မူလေပြီဟု သိခဲ့ရသည်။ ဘယ်သူ မှ မိမိကို ဆရာတော် ပျံတော်မူလျှင် ပျံတော်မူခြင်း အကြောင်းမကြားပေးခဲ့ကြပါ။ အကြောင်းကြား၍လည်းမထူးဟုထင်ပုံရသည်။

ထင်လည်းထင်လောက်ပါပေတယ်လေ။ မိမိက တစ်ရပ်တစ်ကျေး ဟို….အဝေး နိုင်ငံရပ်ခြားမှာရယ်လေ။ အကြောင်းကြားလည်း ပြန်လာနိုင်ဖို့ မလွယ်ကူလှတဲ့အခြေအနေမှာမို့ အကြောင်းမကြားပေးခြင်းကသာ မိမိအ တွက် အဆင်ပြေပါလိမ့်မည်ဟု တွက်ပုံရသည်။ တကယ့်တကယ်တော့ ဆရာတော်နှင့် မိမိက တော်တည့်လှသည်မဟုတ်။


ဆရာတော်နှင့်နေရသည်မှာ မိမိအတွက်အကုသိုလ် များလွန်းလှသည်။ အပြစ်မရှိ အပြစ်ရှာ၊ အပြစ်မဟုတ်တာ ကို အပြစ်လုပ်ပြီး တစ်နည်း မဟုတ် တစ်နည်းနှင့် မိမိကို အပြစ်လုပ်လေ့ရှိသည်။ ဆရာတော်နှင့်မိမိကား ဘယ်ဘ၀ အကြောင်းကံရေစက်ရယ်ကြောင့် မသိ သဟဇာတဖြစ်ခဲလှ၏။

သို့နှင့်ပင် မိမိရွာမပြန်ဖြစ် ခဲ့သည်မှာ ကိုးနှစ်ကျော်ဆယ်နှစ်နီးပါးအထိ ကြာသွားခဲ့သည်။ နိုင်ငံခြားကနေ မြန်မာ ပြည် တစ်ခေါက်ပြန်လာတုန်းက မရောက်တာကြာပြီဖြစ်တဲ့ မွေးရပ်ရွာကို အရောက်သွား ဖြစ်ခဲ့သည်။ ဆရာတော့်ကို ၀င်ကန်တော့ တော့ ဆရာတော် မိမိကို မှတ်မိနေသေးသည်။

ဩော်… မင်းရွာပြန်မလာတာ ကြာပြီနော်..တဲ့။အခုဘယ်မှာနေလဲတဲ့။ ရန်ကုန်မှာနေ သည်လို့ပဲ လျှောက်ထား လိုက်သည်။ မိမိလျှောက်သည်မဟုတ်။ ဆရာ့တော်အနားမှာ ပြု စုနေသောဦးဇင်းက၀င်လျှောက်လိုက်ခြင်း ဖြစ်သည်။ နိုင်ငံခြားမှာနေသည်ဟုဘာ့ကြောင့် မလျှောက်ထားပါလိမ့်ဟု သံသယဖြစ်မိသည်။

မိမိကတော့ နိုင်ငံခြားမှာနေသည်ဟုပဲ အမှန်တိုင်းလျှောက်ထားချင်သည်။ထိုသို့လျှောက်ထားလျှင် ဆရာတော် ဘာများမိန့်မလဲ ဟု သိချင်နေသည်။သူ့တပည့်ကြီး နိုင်ငံခြားမှာနေတာကိုသိလျှင် ဆရာတော် ၀မ်းသာဂုဏ်ယူ လေမလား၊ ဒါမှမဟုတ် မင်းတို့က လောကီကိုအထင်ကြီးလွန်းတယ်ကွာဟု အပြစ်တင်လေမလား ဆိုတာကို သိချင်မိသည်။

အခုတော့ ဘာမှသိခွင့်မရတော့။ ထိုစကားကို ကြားသိခွင့်မရသည့်အတွက် စိတ်မကောင်းဖြစ်မိသည်။ ဆရာတော်သည် ထိုနယ် ထိုရွာတန်းတ၀ိုက်မှာတော့ နာမည်ကြီးသည်။ သူ၏ဂုဏ်သတင်းကား အဆိုး၊အ ကောင်းဒွန်တွဲလျှက်။

အကောင်းဘက်ကကြည့်လျှင် ဆရာတော်သည် ၀ိနည်းလေးစားသည်။ စာပေကျမ်းဂန်တတ်ကျွမ်းသည်။ သူမထင်လျှင် မထင်သလို ထလုပ်ပစ်တတ်သည်။ဘယ်သူ့ကိုမှဂရုမစိုက်။စာသင်လျှင်လည်းတိကျသည်။ သူ့ဆီစာလာပြန်လျှင်လဲ ထစ်ငေါ့ထစ်ငေါ့ ပြန်သည်ကိုမကြိုက်။ စက်မှုလက်မှုပညာရပ်တော်တော်များများကို တတ်သိနားလည်သည်။

ကိုရင်တွေဦးဇင်းတွေ သရဂုဏ်တို့ ကမ္မ၀ါတို့ရွတ်ဖတ်လျှင် ဌာန်၊ ကရိုဏ်း ပီသကျနစွာ ရွတ်ဆိုမှ လက်ခံသည်။ အကျွေးအမွေး ရက်ရောသည်။ သူကျွေးလျှင် စားမှ၊သူပေးလျှင်ယူမှ သဘောကျသည်။သန့်ရှင်းသပ်ရပ်မှုကို လွန်ကဲစွာ နှစ်ခြိုက်လေ့ရှိသည်။

ယင်အုံသောအစားအစာကို လုံးဝမစား။ ရာသီအလိုက်ဆေးဝါး ဓါတ်စာကို နားလည်သဘောပေါက်သည်။ ထို့ကြောင့် ဆရာတော်သည် သက်ရှည်၊ ကျန်းမာ၏။ စသည်များကား ဆရာတော်၏ ကောင်းဂုဏ်များတည်း။

အဆိုးဘက်မှာလဲ များစွာရှိ၏။ ဒေါသကြီး၏။ အဟောက်၊အငန်း၊မြည်တွန်တောက်တီး၊ ကြိမ်းမောင်းခြင်းထူ ပြော၏။ လက်ထဲရှိသည့်အရာဝတ္ထုဖြင့် ရိုက်နှက်၊ပုတ်ခတ်၊ပစ်ပေါက်တတ်၏။ မိမိရွာသူ၊ ရွာသားများကို အထင်အမြင်သေးစွာ နှိမ်ချပြောဆိုတတ်၏။ မြို့သားနှင့်တောသားဆိုပြီး ခွဲခြားခွဲခြားလုပ် ဆက်ဆံလေ့ရှိ၏။

ဆွေမျိုးများကို ချစ်ခင်စွာဦးစားပေးတတ်၏။ မသိမသာ အဂတိလိုက်စားမှုရှိ၏။ အနည်းငယ်အတ္တကြီးသူဖြစ်၏။ ရံတစ်ခါ၍မူကား သိသာလွန်း၏။ မာနကြီး၏။စသည်များကား ဆရာတော်၏ မကောင်းသတင်းများဖြစ်သည်။ ဆရာတော်သည် သက်တော်ကိုးဆယ်ကျော်မှ ပျံလွန်တော်မူခြင်း ဖြစ်၏။ ဆရာတော် ကောင်းရာသုဂတိလား ပါစေ။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...