စာဒဏ်

ဤနေရာတွင် စာဒဏ်ဆိုသည်မှာ စာမရ၍ဒဏ်ပေးခြင်းကိုဆိုလိုသည်။ ကျွန်ုပ်သည် တနေ့သတွင် ကျောင်းသားငယ်များကို စာသင်ပေးရသည်။ ကျောင်းသားငယ်ဆိုလို့ ကလေးပေါက်စများဟု မမှတ် စေလို။ သူတို့သည် အတန်းသာငယ်၏။ အရွယ်ကားမငယ်။ ဆယ့်လေးနှစ်၊ဆယ့်ငါးနှစ်ကြား အသက်အရွယ်များဖြစ်ကြသည်။ သင်ပေးရသည်ကား ကကြီးခခွေးစာလုံးပေါင်းအဆင့်သာ။ သူတို့ သင်ပေးနေကျဆရာမရှိ၍ ကျွန်ုပ်သည် တလခန့်မျှ တာဝန်ယူသင်ပေးနေရသောအချိန်ဖြစ်သည်။

သူတို့သည် စာတနေ့ကုန်ကျက်သော်မှ လေးငါးကြောင်း ရနိုင်စွမ်းမရှိချေ။ စာသင်ပေးခြင်းကာလကြာ လာသည်နှင့်အမျှ ကျွန်ုပ်၏သည်းခံနိုင်စွမ်းသည်လည်း တဖြည်းဖြည်းလျော့နည်း၍သာ လာချေ၏။ စာသင်ပေးပြီးလျှင် ကျွန်ုပ်သည် သူတို့အား စာပြန်ခိုင်းလေ၏။ ပြန်ခိုင်းလိုက်လျှင် အထစ်အငေါ့မရှိ ဒိုးဒိုးဒေါက်ဒေါက်ပြန်နိုင်သောသူတစ်ယောက်မျှမရှိ။ သူတို့စာမကျက်၍ စာမရလေသလော၊ မှတ်ဉာဏ် စွမ်းအားနည်းလွန်း၍ စာမရလေသလော ဆိုသည်ကို ကျွန်ုပ်ကောင်းစွာမသိ။ ကျွန်ုပ်သည် သူတို့အား စာသင်ပေးပြီးလျှင် စာကျက်ခိုင်းထားခဲ့ကာ အခြားအတန်းများသို့ပြေးရသည်။ ကျွန်ုပ်၏စာသင်ချိန် သည် တနေ့လျှင်ခြောက်ကြိမ်မျှရှိ၏။ တကြိမ်လျှင် တစ်နာရီခွဲခန့်ကြာ၏။ ထို့ကြောင့် သူတို့စာကျက် မကျက်ကို ကောင်းစွာမသိခြင်းဖြစ်၏။ စာမရ၍ရိုက်နှက်ရခြင်းကို မနှစ်သက်သောကြောင့် သူတို့စာမရ လျှင် ဒဏ်ပေးဖို့ စဉ်းစားမိ၏။ တစ်နေ့ သူတို့အားစာသင်ပေးပြီး… ဟေ့ မင်းတို့ ဟိုမှာတွေ့လား သွပ်ချပ် ပုံကြီး။ အေး မင်းတို့ အဲဒီမှာ သွပ်ချပ်တစ်ယောက်တစ်ချပ်စီသွားကောက်ကွာ။ ကိုယ့်သွပ်ချပ်ကိုယ်မှတ် ပြီး နေပူလှန်းထားကွာ။ ပြီးရင် ဒီမှာစာလာကျက်။ ငါစောင့်ကြည့်နေမယ်။ မင်းတို့ ဒီနေ့သင်တဲ့စာ ဘယ်နှကြောင်းကျက်နိုင်လဲပြော။ တစ်ချို့ကား လေးကြောင်း တစ်ချို့ကား ငါးကြောင်းစသည်ဖြင့် သူ့ ထက်ငါ အပြိုင်အော်ကြ၏။ကျွန်ုပ်က နေဦး မင်းတို့တကယ်ရမှပြောနော်။ မကျက်နိုင်ဘဲမပြောနဲ့။ မင်းတို့ကျက်နိုင် သလောက်ပဲ ပြော။ အများကြီးမပြောနဲ့။ တစ်ကြောင်းကျက်လဲ ရတယ်ဟု ပြောလိုက်မှ တစ်ကြောင်းကျက်မယ်၊ နှစ်ကြောင်းကျက်မယ် ဖြစ်ကာ လျှော့သွားကြ၏။ ကဲ ဒါဆို ကျက်တော့ကွာ၊ ရတဲ့ကောင်လာပြန်။ တကယ်ရမှ လာပြန်နော်… ဟု ထပ်မှာလိုက်ရသေး၏။ ဆယ့်ငါးမိနစ်ခန့်ကြာသောအခါ ကျောင်းသားတစ်ယောက် စာပြန်ဖို့ရောက်လာသည်။ စာလာပြန်သော ကျောင်းသားအား မင်းတကယ်ရတာ သေချာလား ဟု မေးရသေး၏။ သူက တကယ်ရတာဟု ပြန်ဖြေ ၏။ အေး… ဒါဆိုပြန်ကွာ။ ထင်သည့်အတိုင်းပင် စာတစ်ကြောင်းကိုပင် ဖြောင့်အောင်မပြန်နိုင်။ အေးအေး မင်း ပြန်သွားကျက်လိုက်ဦး။ သေချာရမှလာပြန် သွားသွား ဟု နှင်ထုတ်လိုက်ရ၏။ သူစာလာပြန်သည်နှင့် သူ့ကိုအားကျမခံဘဲ အခြားကျောင်းသားများလည်း သူ့နောက်မှတန်းစီ၍ ရောက်လာကြသည်။ သူတို့လဲ ကြိုးစား၍စာပြန်ကြ၏။ သို့သော် မရ။ အားလုံးကိုပင် နောက်တစ်ခေါက်ပြန်ကျက်ခိုင်းလိုက်ရ၏။ သိပ်မကြာလိုက်။ နောက်တစ်ခေါက်လာပြန်ကြ၏။ ကျွန်ုပ်က… အေး.. မင်းတို့ဒီတခါသေချာတယ်နော်။ ငါ နောက်တစ်ခေါက်ပြန်မကျက်ခိုင်းတော့ဘူး။ ခုတစ်ခေါက်စာပြန်လို့မရတဲ့ကောင်ကို ငါ ဒဏ်ပေးမယ်။ ဘယ်လိုလဲ ပြန်မှာလားဟုမေးလိုက်၏။ ကျောင်းသားများကား… ရတယ်၊ပြန်မယ်ဟု… ယုံကြည်ချက်အပြည့်ဖြင့် ပြန်ဖြေကြသည်။ ကျွန်ုပ်ကား.. ကဲ ဒါဆိုရင် တန်းစီကွာ။ ရှေးဆုံးကကောင် စပြန်။ ငါထောက်မပေးဘူးနော်။ အေး… မရလို့ကတော့ ဒဏ်ပဲ ဟုပြောကာ စာပြန်ခိုင်းလေတော့သည်။ ရှေးဆုံးကပြန်သောသူသည် ဖိုးနီ။ ထုံးစံအတိုင်းစာမရ။ ကဲ ဖိုးနီ မင်းစာမရတဲ့အတွက် မင်းကို ငါ ဒဏ်ပေးရမယ်။ ဒဏ်ပေးရမယ်ဆိုတော့ ဖိုးနီရေ… စိတ်မကောင်းဘူးကွာ။ မင်းနေပူလှန်းထားတဲ့ သွပ်ချပ်ဘယ်မှာလဲ မင်းမှတ်မိလားဟု ကျွန်ုပ်က မေးလိုက်လျှင်… ဖိုးနီကား… သွက်လက်စွာပင်- မှတ်မိတယ်၊ ဟိုမှာဟု-လက်ညှိုးညွှန်ကာ ထိုးပြလေ၏။ အေး ဒါဆိုရင်… မင်းကျက်တဲ့စာအုပ်ကိုယူသွား။ အဲဒီသွပ်ချပ်ပေါ်မှာ မတ်တပ်ရပ်ပြီး မင်းမရသေးတဲ့ စာကိုပြန်သွားကျက်ချေ ဟု-ခိုင်းလိုက်လေ၏။ ဖိုးနီသည်-ညှိုးငယ်သောမျက်နှာ၊ ပြူကျယ်သောမျက်လုံးဖြင့် ကျွန်ုပ်အား အကြောင်သားမော့်ကြည့်နေလေ၏။ ကျွန်ုပ်က- ဟေ့ကောင်-သွားလေကွာ၊ အောင်မာ- မင်းက ငါ့ကိုမမြင်ဘူးလို့မော့်ကြည့်နေတာလားဟု အတည်ပေါက်ဖြင့် ငေါက်လိုက်မှ စာအုပ်လေးကိုင်ကာ သူနေလှန်းထားသောသွပ်ချပ်ဆီသို့ ကုပ်ကုပ်ဖြင့်ထသွားလေ၏။ ကဲ နောက်တစ်ယောက်။ ဟိုမှာတွေ့လား ဖိုးနီကို။ ဖိုးနီသည် နေပူလှန်းထားသောသွပ်ချပ်ပေါ်တွင် မရပ်နိုင်သဖြင့် သူ့ခြောက်ထောက်များကို ခုန်ဆွခုန်ဆွလုပ်ကာ အဆက်မပြတ်ကဆုန်ပေါက်နေလေ တော့၏။ စာပြန်ဖို့ တန်းစီနေသော ကျောင်းသားများသည် ဖိုးနီကိုကြည့်ကာ စိတ်မသက်မသာဖြင့် နောက်ကြောင်းပြန်လှည့်ရန် တပ်ခေါက်ဖို့ အားထုတ်နေကြ၏။ ကျွန်ုပ်သည် သူတို့အားတချက်ငဲ့ကြည့် ကာ- ကဲ နောက်ကြောင်းပြန်လှည့်ဖို့မစဉ်းစားနဲ့။လာ စာလာပြန်။ တန်းစီထားတဲ့အစဉ်အတိုင်းပဲပြန်ဟု ငေါက်လိုက်လေသည်။ နောက်ဆုံးမှာတော့ ကျွန်ုပ်၏ချစ်လှစာသောကျောင်းသားအားလုံးသည် သူတို့ ကိုယ်တိုင်နေပူလှန်းထားသော သွပ်ချပ်များပေါ်တွင် ခုန်ဆွခုန်ဆွဖြင့် စာအုပ်လေးတွေကိုင်ကာ စာကျက်နေလေတော့၏။ သူတို့နင်းထားသော သွပ်ချပ်များကား တဂျွမ်းဂျွမ်းအသံပေးကာ ဆူညံလျှက်…. ထိုအချိန်တွင် အပြင်မှ လူကြီးများရောက်လာကာ- ဟာကျောင်းသားတွေ…နေပူကြီးထဲ သွပ်ချပ်ပေါ်ရပ်ပြီး ဘာလုပ်နေကြတာတုန်း…ဟာ မင်းတို့ကွာ ကြံကြံဖန်ဖန် အကုန်သေကုန်တော့မှာပဲ ဟု မြည်တွန်တောက်တီးလေ၏။ သွားသွား… ကျောင်းထဲဝင်-ဟုခိုင်းလေလျှင်…ကျောင်းသားများ ကား- ဝင်လို့မရဘူးဗျ။ ကျနော်တို့ကို ဦးဇင်းက စာမရလို့ဒဏ်ပေးထားတာ။ ဂေါပကလူကြီးများသည် အံ့ဩဟန်ဖြင့်…ဟာ-ဘယ်မှာလဲ ဦးဇင်းဟုမေးလေ၏။ ဂေါပကလူကြီးများကား- ဟာ.. ဦးဇင်းရာ ကိုယ် မွေးထားတဲ့သားသမီးမဟုတ်တိုင်း ရက်စက်ပ။ တပည့်တော်တို့နိုင်ငံကို ဂျပန်တွေအုပ်ချုပ်သွားတာ ဘုရား… ဂျပန်တွေတောင် ဒီလောက်ရက်စက်တဲ့နည်းကို မသုံးခဲ့ဘူးဘုရား… အရှင်ဘုရားမို့ ဒီနည်းကို သုံးရက်တယ်ဟု…

ဆက်ဖတ်ရန်...

ရွာဦးကျောင်းဆရာတော်

လွန်ခဲ့သော တစ်လကျော်ခန့်လောက်က ညီတောင်မောင်ဖုန်းဆက်အကြောင်းကြား၍ သာ ရွာဦးကျောင်းဆရာတော် ဘ၀နတ်ထံပျံလွန်တော်မူလေပြီဟု သိခဲ့ရသည်။ ဘယ်သူ မှ မိမိကို ဆရာတော် ပျံတော်မူလျှင် ပျံတော်မူခြင်း အကြောင်းမကြားပေးခဲ့ကြပါ။ အကြောင်းကြား၍လည်းမထူးဟုထင်ပုံရသည်။

ထင်လည်းထင်လောက်ပါပေတယ်လေ။ မိမိက တစ်ရပ်တစ်ကျေး ဟို….အဝေး နိုင်ငံရပ်ခြားမှာရယ်လေ။ အကြောင်းကြားလည်း ပြန်လာနိုင်ဖို့ မလွယ်ကူလှတဲ့အခြေအနေမှာမို့ အကြောင်းမကြားပေးခြင်းကသာ မိမိအ တွက် အဆင်ပြေပါလိမ့်မည်ဟု တွက်ပုံရသည်။ တကယ့်တကယ်တော့ ဆရာတော်နှင့် မိမိက တော်တည့်လှသည်မဟုတ်။


ဆရာတော်နှင့်နေရသည်မှာ မိမိအတွက်အကုသိုလ် များလွန်းလှသည်။ အပြစ်မရှိ အပြစ်ရှာ၊ အပြစ်မဟုတ်တာ ကို အပြစ်လုပ်ပြီး တစ်နည်း မဟုတ် တစ်နည်းနှင့် မိမိကို အပြစ်လုပ်လေ့ရှိသည်။ ဆရာတော်နှင့်မိမိကား ဘယ်ဘ၀ အကြောင်းကံရေစက်ရယ်ကြောင့် မသိ သဟဇာတဖြစ်ခဲလှ၏။

သို့နှင့်ပင် မိမိရွာမပြန်ဖြစ် ခဲ့သည်မှာ ကိုးနှစ်ကျော်ဆယ်နှစ်နီးပါးအထိ ကြာသွားခဲ့သည်။ နိုင်ငံခြားကနေ မြန်မာ ပြည် တစ်ခေါက်ပြန်လာတုန်းက မရောက်တာကြာပြီဖြစ်တဲ့ မွေးရပ်ရွာကို အရောက်သွား ဖြစ်ခဲ့သည်။ ဆရာတော့်ကို ၀င်ကန်တော့ တော့ ဆရာတော် မိမိကို မှတ်မိနေသေးသည်။

ဩော်… မင်းရွာပြန်မလာတာ ကြာပြီနော်..တဲ့။အခုဘယ်မှာနေလဲတဲ့။ ရန်ကုန်မှာနေ သည်လို့ပဲ လျှောက်ထား လိုက်သည်။ မိမိလျှောက်သည်မဟုတ်။ ဆရာ့တော်အနားမှာ ပြု စုနေသောဦးဇင်းက၀င်လျှောက်လိုက်ခြင်း ဖြစ်သည်။ နိုင်ငံခြားမှာနေသည်ဟုဘာ့ကြောင့် မလျှောက်ထားပါလိမ့်ဟု သံသယဖြစ်မိသည်။

မိမိကတော့ နိုင်ငံခြားမှာနေသည်ဟုပဲ အမှန်တိုင်းလျှောက်ထားချင်သည်။ထိုသို့လျှောက်ထားလျှင် ဆရာတော် ဘာများမိန့်မလဲ ဟု သိချင်နေသည်။သူ့တပည့်ကြီး နိုင်ငံခြားမှာနေတာကိုသိလျှင် ဆရာတော် ၀မ်းသာဂုဏ်ယူ လေမလား၊ ဒါမှမဟုတ် မင်းတို့က လောကီကိုအထင်ကြီးလွန်းတယ်ကွာဟု အပြစ်တင်လေမလား ဆိုတာကို သိချင်မိသည်။

အခုတော့ ဘာမှသိခွင့်မရတော့။ ထိုစကားကို ကြားသိခွင့်မရသည့်အတွက် စိတ်မကောင်းဖြစ်မိသည်။ ဆရာတော်သည် ထိုနယ် ထိုရွာတန်းတ၀ိုက်မှာတော့ နာမည်ကြီးသည်။ သူ၏ဂုဏ်သတင်းကား အဆိုး၊အ ကောင်းဒွန်တွဲလျှက်။

အကောင်းဘက်ကကြည့်လျှင် ဆရာတော်သည် ၀ိနည်းလေးစားသည်။ စာပေကျမ်းဂန်တတ်ကျွမ်းသည်။ သူမထင်လျှင် မထင်သလို ထလုပ်ပစ်တတ်သည်။ဘယ်သူ့ကိုမှဂရုမစိုက်။စာသင်လျှင်လည်းတိကျသည်။ သူ့ဆီစာလာပြန်လျှင်လဲ ထစ်ငေါ့ထစ်ငေါ့ ပြန်သည်ကိုမကြိုက်။ စက်မှုလက်မှုပညာရပ်တော်တော်များများကို တတ်သိနားလည်သည်။

ကိုရင်တွေဦးဇင်းတွေ သရဂုဏ်တို့ ကမ္မ၀ါတို့ရွတ်ဖတ်လျှင် ဌာန်၊ ကရိုဏ်း ပီသကျနစွာ ရွတ်ဆိုမှ လက်ခံသည်။ အကျွေးအမွေး ရက်ရောသည်။ သူကျွေးလျှင် စားမှ၊သူပေးလျှင်ယူမှ သဘောကျသည်။သန့်ရှင်းသပ်ရပ်မှုကို လွန်ကဲစွာ နှစ်ခြိုက်လေ့ရှိသည်။

ယင်အုံသောအစားအစာကို လုံးဝမစား။ ရာသီအလိုက်ဆေးဝါး ဓါတ်စာကို နားလည်သဘောပေါက်သည်။ ထို့ကြောင့် ဆရာတော်သည် သက်ရှည်၊ ကျန်းမာ၏။ စသည်များကား ဆရာတော်၏ ကောင်းဂုဏ်များတည်း။

အဆိုးဘက်မှာလဲ များစွာရှိ၏။ ဒေါသကြီး၏။ အဟောက်၊အငန်း၊မြည်တွန်တောက်တီး၊ ကြိမ်းမောင်းခြင်းထူ ပြော၏။ လက်ထဲရှိသည့်အရာဝတ္ထုဖြင့် ရိုက်နှက်၊ပုတ်ခတ်၊ပစ်ပေါက်တတ်၏။ မိမိရွာသူ၊ ရွာသားများကို အထင်အမြင်သေးစွာ နှိမ်ချပြောဆိုတတ်၏။ မြို့သားနှင့်တောသားဆိုပြီး ခွဲခြားခွဲခြားလုပ် ဆက်ဆံလေ့ရှိ၏။

ဆွေမျိုးများကို ချစ်ခင်စွာဦးစားပေးတတ်၏။ မသိမသာ အဂတိလိုက်စားမှုရှိ၏။ အနည်းငယ်အတ္တကြီးသူဖြစ်၏။ ရံတစ်ခါ၍မူကား သိသာလွန်း၏။ မာနကြီး၏။စသည်များကား ဆရာတော်၏ မကောင်းသတင်းများဖြစ်သည်။ ဆရာတော်သည် သက်တော်ကိုးဆယ်ကျော်မှ ပျံလွန်တော်မူခြင်း ဖြစ်၏။ ဆရာတော် ကောင်းရာသုဂတိလား ပါစေ။

ဆက်ဖတ်ရန်...

အဖေ ဂုဏ်ယူနိုင်ပါလေစ

အဖေတစ်ယောက်ရဲ့ဆန္ဒဟာ နံပါတ်တစ်ဦးစားပေးအနေနဲ့ပြောရရင် သား/သမီးတွေ ကို ပညာတတ်ကြီး တွေဖြစ်စေချင်တယ်လို့ ဆိုရင်မှားမယ်မထင်လောက်ပါဘူး။ ငယ်ငယ်က အဖေပြောတဲ့စကားတစ်ခွန်းကို မှတ်မိသေးတယ်။ အမြဲလိုလိုလဲ ကြားယောင်နေမိတယ်။

သားဖသုံးယောက် ညကြီးအချိန်မတော် ယာတောထဲကအပြန် မှာ အဖေက ငါ့သား မင်းတို့ကြီးလာရင် ဘာလုပ်ကြမှာလဲတဲ့။ အဖေကတော့ မင်းတို့ကို ကျောင်းဆက်ထား မယ်။စက်ဘီးတစ်ယောက်တစ်စီးစီ ၀ယ်ပေးမယ်။သားတို့စက်ဘီးနဲ့ကျောင်းတက်ကြပေါ့။ အဖေက ငါ့သားတွေကို တက္ကသိုလ်ကျောင်းသားကြီး တွေဖြစ်တဲ့ အထိ ကျောင်းထားပေးမယ်တဲ့။


အဲဒီအချိန်တုန်းကအဖေအရက်မူးနေပုံရတယ်။သားတွေက ငယ်သေးတော့ အဖေမူးလို့ပြောတာလား၊ စိတ်ကူးယဉ်ပြီးပြောတာလားဆိုတာ မခွဲခြားတတ်သေးတဲ့ နှစ်တန်းကျောင်းသားအရွယ်လောက်ရှိဦးမှာပေါ့။
ကောင်းကင်မှာ လကလဲ မှုန်ပြပြသာနေတယ်။ အဲဒီမှုန်ပြပြလရောင်အောက်မှာ စကားတပြောပြောနဲ့ သုံးယောက်သား လမ်းလျှောက်ရင်း အိမ်ပြန်လာခဲ့ကြတယ်။ မူးမြစ်ထဲမှာတော့ ရေထဲက အဖွေးသားရယ်။

သားတွေလေးတန်းအောင်တော့ အဖွားလုပ်သူက အမိန့်ထုတ်လာ တယ်။ ဘယ်ကျောင်းမှဆက်မတက်ရဘူး။ တော်ပြီပေါ့ သေစာ၊ရှင်စာဖတ်တတ်ရင်။ ဘာလုပ်မှာလဲ အလကားပိုက်ဆံကုန်တယ်။ နင်တို့တက္ကသိုလ် ဆက်တက်ပြီး ဘွဲ့တွေ ဘာတွေရတော့ကော နင်တို့ကိုဘယ်သူက အလုပ်ပေးမှာမို့လို့လဲ။ဒီလယ်ထဲပဲ ပြန်ပြီးအ လုပ်ဆင်းရမှာပဲ မဟုတ်လားတဲ့။

အဖေ့ရဲ့အမေ သားတို့ရဲ့အဖွားပြောပေါက်ဆိုပေါက်တွေကို အဖေလုပ်သူက မကျေနပ်ဘူး။ဒီတော့အဖေ စိတ်ညစ်ပြီး သွားနေကျအရက်ဆိုင်သွား၊အရက် ကိုမူးအောင် သောက်လာကာ အဖွားကိုရန်လုပ်တော့တာပါပဲ။ သူတတ်နိုင်တာဒါပဲလေ။

တစ်ခါက သားတွေ လေးတန်းစာမေးပွဲဖြေခါနီးမှာ အဖွားလုပ်သူက သူ့သားတွေကို စပါး ကြိတ်ခိုင်းနေတာကို သူတွေ့သွားတယ်။ ဘာပြောကောင်းမလဲ အဖေနဲ့အဖွားရန်ဖြစ်ကြ တာ။ ကြားထဲက အဖိုး မခံမရပ်နိုင်ဖြစ်ပြီး ဒီစပါးကြိတ်ဆုံကြောင့် ဒီလိုဖြစ်ရတာ၊ပေးစမ်း စပါးကြိတ်ဆုံဆိုကာ စပါးကြိတ်ဆုံကြီးကို မယူပြီး ပေါက်ခွဲပြစ်လိုက်တာ၊ ကြိတ်ဆုံကြီး တစ်ခုပျက်စီးသွားပါလေရော။

မင်းတို့လဲ ဒီမှာမနေကြတော့နဲ့သွားကာဆိုပြီး သူ့မြေးနှစ် ယောက်ကို ဘာမဆိုင် ညာမဆိုင် အိမ်ကနေ ညကြီးမင်းကြီး နှင်ချပါလေရော့လား။ မြေးနှစ်ကောင် ဘယ်သွားလို့ ဘယ်ပြေးရမှန်းမသိရှာဘူး။ မျက်နှာငယ်လေးတွေနဲ့။

တော်သေးတာပေါ့ ဘေးအိမ်က အစ်မတွေက သူတို့အိမ်ကို လိုက်နေဖို့လာခေါ်ကြ ရှာတယ်။ နှင်ချခံရတာလဲ မပြောနဲ့လေ။သူတို့မိသားတစ်စုလုံးက အိမ်ခြေရာခြေမှ မရှိဘဲကိုး။ အဖိုးအဖွားတွေအိမ်မှာ ကပ်ရပ်နေရတဲ့ အဖြစ်ရယ်လေ။ သူတို့မိသားစုမှာ အိုးပိုင်အိမ်ပိုင်မရှိရှာဘူး၊အခုထိပဲဆိုပါတော့။

အဲဒီအချိန်ကစပြီး အဖေနဲ့အဖွားစကား မပြောကြတော့ဘူး။ဒါပေမဲ့အဖွားက သူ့မြေးတွေ ကိုအလှူကြီးပေးပြီး ကိုရင်ဝတ်ပေးလိုက်တယ်။အလှူရက်တွေတုန်းက အဖေ့ကိုကြည့် ရတာ မပျော်ဘူးထင်ပါရဲ့။ သူ့သားတွေကို သူက တက္ကသိုလ်ကျောင်းသားကြီးတွေ ဖြစ်စေချင်တာလေ။ အခုတော့ သူ့အိပ်မက်စိတ် ကူးလေး ပြိုပျက်သွား ရှာပါပကောလား။

သူ့သားတွေကို ရှင်ပြုပေးတာ သူဘယ်လိုလုပ် ပျော်နိုင်မှာလဲ။ နောက်တစ်ခုက ဒီအလှူမှာသူ့ပိုက်ဆံ တစ်ပြားတစ်ချပ်မှလဲ ပါဝင်ပုံမရဘူး။ဒီတော့ သူမပျော်တာ အဆန်း လား။ အဖေတစ်ယောက်အနေနဲ့ သူကိုယ်တိုင် သူ့သားတွေကို သူ့ဝင်ငွေနဲ့ ရှင်ပြုပေးချင်ရှာမှာပေါ့။ သောက်စားမူးယစ်နေတဲ့ သူ့မှာငွေမရှိတာလဲ အထူးအဆန်း မဟုတ်ပြန်ဘူး။သားရှင်ပြုပွဲလေးကိုမှ ကိုယ်တိုင်လုပ်မပေးနိုင် တဲ့ အဖေတစ်ယောက်က ဘယ်လိုလုပ်ပြီး သူ့စိတ်ကူးအတိုင်း သူ့သားတွေကို ကျောင်းဆက်ထားနိုင်မှာလဲ။

ဒါကိုအဖွားကသိလို့ သူကိုယ်တိုင် သူ့မြေးတွေကို အကူငွေတောင် လက်သင့်မခံဘဲ ရှင်ပြုပေးလိုက်တယ်။ သူကိုယ်တိုင်ကလဲ အလှူ့အစ်မကြီးဖြစ်ချင်တာ ပါတာပေါ့လေ။ သားတွေကိုရင်ဖြစ်သွားပြန်ပြီဆိုတော့လဲ လူမထွက်အောင် သူ့အတန် တန်ကြိုးစားခဲ့ရ သေးတယ်။သူ့ရဲ့စိတ်ကူးဆန္ဒကိုတော့ မလျှော့သေးဘူး။ အရက်ကိုလဲ သူမလျှော့သလို ပေါ့။ သောက်ဆဲသောက်မြဲပါပဲ။

ဘုန်းကြီးကျောင်းကိုတော့ သူမကြာမကြာ ရောက်လာတတ်ပြီပေါ့၊ သားကိုရင်တွေက ရှိနေတာဆိုတော့လေ။ တကယ်တော့ သူနဲ့ဘုန်းကြီးကျောင်းနဲ့က ပြဒါးတလမ်း၊ သံတလမ်းပဲ။ကျောင်းကိုတော့သူရောက်ဖြစ်ပါရဲ့ ကျောင်းထိုင်ဆရာတော့်ကိုသူတစ်ခါမှ ၀င်တွေ့ပုံမရဘူး။

ကျောင်းနောက်ပေါက်ကနေသူဝင်လာတယ်။ကိုရင်တွေကိုအခေါ်ခိုင်းပြီးကျောင်းနောက်ကသရက်ခြံထဲမှာ တွေ့တယ်။ ကိုရင်တွေကို လူမထွက်ဖို့ သူရောက်ဖြစ်တိုင်း တစ်ဖွဖွမှာ ရှာတယ်။ ပြီးတော့ မြို့ကိုစာသင် လွှတ်မယ်ဆိုတာလဲ ပြောဖြစ်သေးတယ်။ ရွာကဦးဇင်းတစ်ပါး မြို့မှာစာသွားလိုက်နေတယ်ဆိုတာ သူသတိရမိ တယ်ထင်ပါရဲ့။

ဦးဇင်း စာမေးပွဲဖြေပြီးလို့ရွာကို ပြန်ကြွလာရင် ကိုရင်တို့ကိုတစ်ခါတည်း ထည့်လိုက် မယ်၊ကိုရင်တို့စာကြိုးစား သင်ကြတဲ့။ကိုရင်တွေကလဲ သူတို့ဒကာကြီးရဲ့စကားကို နာထောင်ပြီး ဆရာတော့်ထံမှာ စာကြိုးစားသင်ကြ ရှာသလိုဆရာတော်ရဲ့အဆူအငေါက်၊အရိုက်အနှက်ကိုလဲ သည်းခံကြရှာပါတယ်။

ဆရာတော်ကလဲ တကယ်ကြမ်းတယ်။တစ်နယ်လုံးနီးပါက ဆရာတော့်ကို ကြောက်ရ တယ်လေ။ သူတို့ဆရာတော်က အသန့်အပြန်လဲ အလွန်ကြိုက်၊ ပညာကလဲ တတ်၊၀ိနည်းကလဲလေးစား၊ သူမလုပ်တတ်တဲ့အရာကလဲ မရှိလောက်ဆိုတော့ အားလုံးကလေးစားကြည်ညိုရတဲ့ဆရာတော်လေ။

ဒီလိုဆရာတော်မျိုးထံအောက်မှာ နေရတဲ့ ကိုရင်နှစ်ပါးအတွက်တော့ သိပ်အဆင် ပြေလှတယ်မဟုတ်ပါဘူး။ အဆူအငေါက်မခံရတဲ့ နေ့ရက်ဆိုတာက မရှိသလောက်။ တော်သေးတာပေါ့ ငယ်ငယ်ကတည်းက ဘုန်းကြီး ကျောင်းသားဘ၀နဲ့ နေလာခဲ့လို့သာ ခံနိုင်ရည်ရှိတာ။ နားရည်လဲ ၀နေပြီလေ။

တစ်နေ့တော့ အဖေ ဘုန်းကြီးကိုလာတွေ့ပြီး ကိုရင်တွေကိုမြို့ကို စာသင်လွှတ်မယ် ဆိုတဲ့အကြောင်း လျှောက်သွားတယ်ထင်ပ၊ဘုန်းကြီးကလဲသဘောတူတယ်။ အဲဒီအချိန်ကစပြီး ဘုန်းကြီးက ကိုရင်တွေကို သဒ္ဒါကြီး ပြောင်းသင်ပေးတယ်။

ဒီလိုနဲ့ သားကိုရင်နှစ်ပါးဟာမြို့ကို တက်ပြီး မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်မှာ စာသင်သား တွေအဖြစ် စာကြီးပေကြီးတွေကို သင်ယူဆည်းပူးခွင့်ရသွားတယ်။သားကိုရင်အကြီးက ပထမလတ်တန်းအရောက်မှာ လူထွက်သွားရှာတယ်။ သားငယ် ကိုရင်ကတော့ အဖေ့ဆန္ဒတွေကို အခုထိဖြည့်ဆည်း နေဆဲပါပဲ။

သာသနဓဇ ဓမ္မာစရိယဘွဲ့ရပြီး ဆယ်တန်းစာမေးပွဲဝင်ဖြေခွင့်ရတယ်။အဝေးသင် ဆက်တက်တယ်။ တတိယနှစ်အရောက်မှာ သီရိလင်္ကာနိုင်ငံကိုကြွရောက်ပြီး မာစတာဘွဲ့ယူတယ်။ အခု အိန္ဒိယနိုင်ငံမှာ ဒေါက်တာဘွဲ့အတွက်စာတမ်းရေးနေတယ်။တစ်နှစ်ကျော်လောက်ရှိရော့ပေါ့။

သားအငယ်က သူ့အဖေ့စိတ်ကူးအိပ်မက်လေးကို အမြဲသတိတရရှိနေတယ်ထင်ပါရဲ့။ အဖေမျှော်မှန်းတဲ့ တက္ကသိုလ်ကျောင်းသားဆိုတာထက်တောင် လွန်နေသေးတယ်လို့ ပြောရမလိုပါပဲ။ အဖေ့စိတ်ကူးထဲက တက္ကသိုလ်ဆိုတာ ပြည်တွင်းတက္ကသိုလ်လောက်ပဲဖြစ်မယ်။နိုင်ငံခြားကတက္ကသိုလ်ကြီးတွေ ပါမယ် မဟုတ်ပါဘူး။ သားငယ်တစ်ယောက်ရဲ့ အကောင်ထည်ဖေါ်ပေးနေတဲ့ အဖေ့စိတ်ကူး အိပ်မက်တွေအတွက် အဖေဂုဏ်ယူ နိုင်ပါစေ။

ဆက်ဖတ်ရန်...

အမေ့စကား

သားရယ် ဒီလောက်သံယောဇဉ်ပြတ်နေရင်လဲ အိမ်ကိုပြန်လာမနေပါတော့နဲ့လားကွယ်။

ရင်ထဲမှာစို့သွားတာပဲ၊အမေ့ကိုလဲ အရမ်းသနားသွားတယ်။ အမေ့မျက်နှာမှာလဲ မျက် ရည်တွေဝိုင်းလို့၊ အော်--- အမေအရမ်းခံစားနေရတယ်ထင်ပါရဲ့။အင်းလေ--သားကလဲ အိမ်ပြန်မလာဖြစ်တာ နှစ်ပေါင်းနည်းမှ မနည်းတော့ပဲကိုး။သေချာတွက်ကြည့်မယ်ဆိုရင် တောင်ရှစ်နှစ်ကျော်ကိုးနှစ်နီးပါး လောက်ရှိနေ ပါကောလား။

အမေခံစားနေရတဲ့ဘက်က ကြည့်ရင် တကယ်ပြောသင့်တဲ့စကားတစ်ခွန်းပါပဲ။ သားလုပ်သူကလဲ တစ်နှစ်ကျ တစ်ခါ နှုန်းလောက်တောင် စာတစ်စောင်၊ဖုန်းတစ်ချက်ဆက်ဖေါ်မရဘူး။စိမ်းကားနိုင်လွန်းတဲ့ သား။ ဒီလောက် တော့ ပြောသင့်တယ်။ဒီထက်မကလဲပြောသင့်တယ်။ အမေမလွန်ပါဘူး။

အမေအဲဒီလောက်ခံစားနေရမယ်လို့မထင်ခဲ့ဘူး။အမေခံစားရဆုံးက သားနဲ့ပက်သက်ပြီး သူများတွေက နင့်သား ဘယ်မှာလဲ။ ဘာလုပ်နေလဲလို့ မေးလာတဲ့အခါ ဘာဖြေရမှန်းမသိ၊ဘယ်လိုဖြေရမှန်းမသိတဲ့ အဖြစ်ဟာ အခံစားရခက်ဆုံးပဲတဲ့၊အမေပြောပြလို့ သိရတာ။

အမေနဲ့ရွာကို သား ဘယ်လောက်ပဲလွမ်းလွမ်း၊ဘယ်လောက်ပဲသတိရနေပါစေ အဆက် သွယ်လုပ်ဖို့ မေ့နေ တတ်တာက သားရဲ့အကျင့်လို၊၀ါသနာလိုဖြစ်နေပြီလေ။အခုတော့ သားက ပြည်ပမှာကျောင်းလာတက်နေတာ လေးနှစ်ကျော်လောက်ရှိရော့ပေါ့။

ဒါပေမဲ့ ထုံးစံအတိုင်းပဲ အမေ့ကို အဆက်အသွယ်မလုပ်ဖြစ်ခဲ့ပါဘူး။ အမေ ဘယ်လောက်များ စိတ်ဆင်းရဲ ပင်ပန်းကြီးစွာနဲ့ သားအပေါ်မှာစိတ်ဆိုးဝမ်းနည်းနေလိမ့်မလဲ၊အမေ့ရဲ့သူငယ် ချင်း အပေါင်းအသင်း အိမ်နီးနားချင်းတွေက နင့်သား ဘယ်မှာလဲလို့မေးရင် အမေ့မှာ သူတို့ကို ပြန်ပေးစရာ အဖြေမှရှိပါလေစ။ နင့်သားဘာတွေလုပ်နေလဲလို့ ထပ်ဆင့်မေး လာရင်ကော အမေဘယ်လိုဖြေမှာပါလိမ့်။

တကယ်တော့သားဟာ သူ့အမေ့ကို ကိုယ် အားဖြင့်လည်းကောင်း၊နှုတ်အားဖြင့်လည်းကောင်း စိတ်ဆင်းရဲအောင် တစ်ခါမှမလုပ်ခဲ့ ဖူးရိုးအမှန်ပါ။ သို့သော်--- အခုတော့ အမေလေ သားနဲ့ပက်သက်ပြီး စိတ်ဆင်းရဲမှုများစွာ ခံစားနေရပြီလေ။သားရဲ့စိမ်းကားမှု၊သားရဲ့အဆက်သွယ်ဖြတ်တောက်မှုတွေကို အမေ မခံစားနိုင်ရှာတော့ဘူး။

ဒါဆိုရင်လဲ အမေက သားဆီကိုဆက်သွယ်ပေါ့။ အမေက ကော သားဆီကို ဘယ်နှစ်ခါများ အဆက်သွယ် လုပ်ခဲ့ဖူးပါသလဲ။ ဟုတ်တယ်၊ အမေက သားကိုတစ်ခါမှအဆက်သွယ်မလုပ်ခဲ့ဖူးဘူး။သားဆီက အဆက်အသွယ် သက်သက်ကိုသာ အမေကဲရိုးရှင်းစွာနဲ့ စောင့်စားမျှော်လင့်နေလာခဲ့တာလေ။

အမေ့ဘက်က အဆက်သွယ် လုပ်ရ အောင်ကလဲ အမေတို့ရွာ မှာ ဖုန်းလဲမရှိ၊စာတိုက်လဲမရှိ။ ဒါတွေရှိပြန်တော့ကော ဘယ်ဆီကိုရောက်ပြီး ဘာလုပ်နေမှန်းမသိတဲ့သားဆီကို ဘယ်လိုဆက်သွယ် ရမှာလဲ။ ပြောကြပါဦး။ ဒါလဲဟုတ်တာပဲ။

သားကတော့ အမေ့ကိုအမြဲသတိတရ ရှိနေတာအမှန်ပါ။ သတိရသည်နှင့်အမျှ မေတ္တာလဲပို့သမြဲပါအမေ။ အမေ… ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းစွာဖြင့် နေ့စဉ်ကြုံတွေ့နေရသော လူနေမှုဘ၀ ဆင်းရဲဒုက္ခအားလုံးမှ လွန်မြောက်ပါစေ။

ဆက်ဖတ်ရန်...

မန်းကျည်းပင်က



ကျောင်းတောင်ဘက်က မန်းကျည်းပင်ကြီးမှာ ရုက္ခစိုးလိုလို သရဲလိုလို ပုဂ္ဂိုလ်တစ်ယောက် နေထိုင်နေတာ ရှိတယ်။ အရင်ကဆို အဲဒီမန်းကျည်းပင်ဟာ လင်းဆွဲတွေနဲ့ ပြည့်နက်နေတာ။ လင်းဆွဲပေါချက်က လေးခွနဲ့ တောင် ပစ်စရာ မလိုဘူး။ဝါးရင်းတုတ်တစ်ချောင်းနဲ့ တက်ရိုက်ရုံပဲ။


လင်းဆွဲသားကို ချက်စားရင် ပန်းနာရင်ကြပ်ရောဂါကို ပျောက်ကင်းစေတယ်။ တချို့လူတွေဆို ရွာကိုလာပြီး လင်းဆွဲ ၀ယ်ကြ တယ်။ အခုတော့ဆရာတော်က လင်းဆွဲတွေ လာပြီးနားတာကို သည်းခံနိုင်ပုံမရတော့ဘူး။ ဒါ့ကြောင့် မန်းကျည်းပင်ထိပ်ဖျား ကို တက်ပြီး ဂလိုင်းတစ်ခု ချိန်ဆွဲလိုက်ပြီလေ။လင်းဆွဲတွေ လာနားရင် ဂလိုင်ကိုဆွဲပြီး ချောက်လန့်ထုတ်တယ်။ အခုတော့ မန်းကျည်းပင်ကြီးမှာ လင်းဆွဲတွေ အလာကြဲသွားပြီလေ။

သိပ်မကြာခင်ကပဲ မိုးသက်လေပြင်းကျပြီး မန်းကျည်းပင်ကြီးဟာ အမြစ်ကနေကျွတ်ထွက်ပြီး ဒုန်းဒုန်းလဲကျသွားရှာတယ်။ အပင်ကြီးလဲကျသွားတော့ အပင်ကြီးကို မှီခိုနေထိုင်ရှာတဲ့ ရုက္ခစိုးဟာ ရုတ်တရက် ဘုံပြတ်ဘမောင်ဖြစ်သွား ရှာလေရော။ သူလဲ နေထိုင်စရာ ဘုံဗိမာန်ကြီးပျောက်သွားပြီဆိုတော့ ဆရာတော့်ကို အပူလာကပ်တယ်။ ဆရာတော်ဘုရား တပည့်တော် မှာ နေစရာမရှိလို့ နေစရာတခုခုဖန်တီးပေးပါဘုရားဆိုပြီး ဆရာတော်ကို လာရောက်တောင်းပန်တယ်။

ဆရာတော်ကလဲ သနားတာနဲ့ နေရာတခုကိုဖန်တီးပေးလိုက်တယ်။ အေး မင်းမှာနေစရာမရှိတော့ဘူးဆိုရင် ငါ့ကျောင်း အပေါ်ထပ်က ကျက်သရေခန်းကြီး အားနေတယ်။လောလောဆယ် မင်းအဲဒီမှာနေပေါ့ ဆိုပြီး နေရာပေးထားလေရဲ့။ ဒါပေမဲ့တခုတော့ရှိတယ်။ မင်း ငါ့ကိုရင်ကျောင်းသားတွေကို အနှောင့်ယှက်မပေးရဘူး။ မှန်ပါ တပည့်တော် အနှောင့်ယှက် မပေးပါဘူး ဘုရား။ အေး အဲဒါဆို မင်းနေလို့ရပြီ။

ဒီလိုနဲ့ တနေ့တော့ ဆရာတော်ဟာ အသက်အရွယ်ကြီးရင့်လာပြီဖြစ်တဲ့အတွက် တောထွက်ပြီး တရားဓမ္မ ကျင့်ဖို့အားသန် နေတယ်လေ။ သူတောမထွက်ခင်မှာ ဆရာတော်ဟာ ဘုရားစေတီရှေ့က သိမ်ပျက်ကြီးကို ပြုပြင်နေတယ်။ ဘာ့ကြောင့် ပြင်နေတယ်ဆိုတာ ဘယ်သူမှ မသိဘူး။ သိမ်ပျက်ကြီးကိုပြုပြင်ပြီးတဲ့ အခါမှာတော့ ဆရာတော်ဟာ ကျက်သရေခန်းထဲမှာ နေထိုင်နေတဲ့ ရုက္ခစိုးကြီးကို ခေါ်လာပြီး သိမ်ထဲမှာ နေထိုင်ဖို့ နေရာချပေးလေရဲ့။

ဆရာတော်ဟာ ရုက္ခစိုးကြီးနဲ့ စကားသာပြောဘူးတာ။ ရုက္ခစိုးကြီးကို မမြင်ဘူးရှာဘူး။ဆရာတော်စိတ်ထဲမှာ ရုက္ခစိုးကြီးကို မြင်ချင်တဲ့ဆန္ဒဟာ သိပ်ပြင်းပြနေတယ်။ ဒီတော့ဆရာတော်ဟာ ရုက္ခစိုးကြီးကိုတောင်းဆို လိုက်တယ်။ ရုက္ခစိုးကြီးကို ဆရာတော် မြင်ဘူးချင်တယ်။ ရုက္ခစိုးကြီး ကိုယ်ထင်ပြပါဆိုတော့ ရုက္ခစိုးကြီးက ဆရာတော့်ကို ပြောတယ်။

မမြင်ဘူးချင်ပါနဲ့ဘုရား၊တပည့်တော်တို့ရုပ်ရည်ဟာ သိပ်ကြမ်းထန်းလွန်းပါတယ်။ ဆရာတော် တပည့်တော် ရုပ်ရည်ကို မြင်ရင် သိပ်လန့်သွားပါလိမ့်ဘုရား။ ဒါပေမဲ့ တပည့်တော် တကိုယ်လုံးမပြနိုင်ပါဘူးဘုရား။ လက်တဖက်ကိုပဲ ဆရာတော့်ကို ပြပါမယ်ဘုရား။ဆရာတော် ကြည့်တော်မူပါဘုရားဆိုပြီး ရုက္ခစိုးကြီးက သူရဲ့လက်တဖက်ကို ထုတ်ပြရှာတယ်။ အင်မတန်ကြီးမားတဲ့ လက်ကြီး။ လက်ဖ၀ါးမှာလဲ အမွှေးတွေပေါက်လို့။

ဆက်ဖတ်ရန်...

ရွာဦးကျောင်း



ရွာဦးကျောင်းဟာ ရွာ့ရဲ့အရှေ့မြောက်ဒေါင့်ရပ်မှာ ရွာကိုဂငယ်ဝိုက် ၀ိုက်ထားပြီး တည်ရှိနေတယ်။ ရွာထဲကိုရောက်နေသ လိုမျိုးပဲ။ ဘုန်းကြီးကျောင်းနဲ့ ရွာကြားမှာ ခြားထားတာဆိုလို့ ဂငယ်ဝိုက်နေရာမှာ ရွာ့လှည်းလမ်းမကြီးပဲရှိတယ်။ ကျောင်းရဲ့ နောက်ဖက်ခြမ်းကတော့ ရေမြောင်းတခုပဲခြားထားတယ်။


ကျောင်းက ခြံစည်းရိုးခပ်ပဲ ခတ်ထားတယ်။ အုတ်တံတိုင်းမခတ်နိုင်သေးဘူး။ ခတ်ဖို့လဲ စီမံကိန်းရှိပုံ မရပါဘူး။ အုတ်တံတိုင်း ခတ်ဖို့ နေနေသာသာ ကျောင်းတောင် ရေစက်မချရသေးဘူး။ ရေစက်မချရသေးတော့ ကျောင်းလဲ နာမည်မပေးရ သေးဘူး ပေါ့။ ဒါ့ကြောင့် ရွာ့နာမည်ကို ယူသုံးပြီး ကုက္ကိုစုကျောင်းလို့ပဲ ခေါ်ကြတယ်။

ရွာဦးကျောင်းရဲ့ သမိုင်းကြောင်းကို တကယ်တော့ ဘာမှ မသိပါဘူး။ ရွာပြန်ရောက်မှပဲ ရွာက လူကြီးသူမတွေကို မေးမြန်း ကြည့်ပြီး မှတ်တမ်းတင်ရတော့မယ်ထင်ပါရဲ့။ ကလေးဘ၀ ငယ်ငယ်တုန်းကတော့ မေးဘူးတယ်။ မမှတ်မိတော့ဘူး။

လက်ရှိရွာဦးကျောင်းဆရာတော်က သီလ ပညာအားတော့ အရမ်းကောင်းတာပဲ။ ဒေါသ အားလဲကောင်းရှာပါတယ်။ သတ္တိလဲ အရမ်းကောင်းတယ်။ ဘာကိုမှ မကြောက်တတ် ဘူး။ ကျောင်းထိုင်ဘုန်းကြီးပေါက်စဘ၀တုန်းက ကျောင်းထိုင်ပြီး မကြာခင်မှာ ပဲ စစ်ကိုင်းကိုခဏ အလည်သွားဖြစ်ခဲ့တယ်။

စစ်ကိုင်းကဆရာတော် တစ်ပါးက ဦးဇင်းဘယ်မှာ ကျောင်းထိုင်နေလဲလို့မေးတယ်။ တပည့်တော် ကုက္ကိုစုရွာမှာ ပါဘုရားလို့ လျှောက်တော့ စစ်ကိုင်းဆရာတော်က ခဏစဉ်းစားပြီး၊ ဟာ … ကိုယ်တော့ ကျောင်း နောက်မှာ သရက်ဥယျာဉ်ရှိတယ် မဟုတ်လား။ မှန်ပါ။ ဟုတ်ပီ၊ အဲဒီသရက်ဥယျာဉ်ရဲ့တောင်ဘက်မှာ တောင်ပို့လေး ရှိတယ်မဟုတ်လား။ မှန်ပါ။အဲဒီတောင်ပို့ မှာ မြေဘုတ်ဘီလူးတကောင်ရှိတယ်ဦးဇင်းရ။

ပြောနေတဲ့ဆရာတော်က ရွာကိုမရောက်ဘူးပါဘူး။ သူ့ဘာသာတွက်ချက်ပြီး ဟောလိုက်တာ။ ကုက္ကိုစုဆရာတော်လေးဟာ ဘာမှမကြောက်တတ်တော့ ပြောတာတွေကို အမှုမှတ်အမှတ်မဲ့ပဲ နေလိုက်တယ်။ ဒီလိုနဲ့ ရွာပြန်ရောက်လာတယ်။

ဆရာတော်လေး ဟာ ညနေပိုင်း ကျောင်းသားတွေ ဘုရားဝတ်ပြုပြီး အိမ်ပြန်ချိန်မှာ သရက်ဥယျာဉ်ထဲကို ပုတီးစိပ်ရင်း စင်္ကြံလျှောက်လေ့ ရှိတယ်။ တစ်နေ့တော့ တောင်ပို့ကိုမြင်မိပြီး စစ်ကိုင်းက ဆရာတော်တစ်ပါး ဟောလိုက်တာကို သွားပြီးသတိရမိတယ်။ဲ ငါ စမ်းသပ်ကြည့်ဦးမှ ပဲ ဆိုပြီး တောင်ပို့ဆီကို ရောက်သွားတယ်။ ကဲ ဒီတောင်ပို့မှာ မြေဘုတ် ဘီးလူးရှိတယ်လို့ ပြောတယ်။ မောင်ရင် တကယ် ရှိ မရှိသိရအောင် တခုခု လုပ်ပြစမ်းပါ လို့ တောင်ပို့ကို လက်ညှိုးထိုးပြီး ဆရာတော်က ခိုင်းလိုက်တယ်။

ခဏတော့ စောင့်ကြည့်နေသေးတယ်။ ဘာများ လုပ်ပြမလဲပေါ့။ ဘာမှထူးခြားမှုမရှိတာနဲ့ ဆရာတော်ဟာ ပုတီးစိပ်ရင်း စကြံင်္ဆက်လျှောက်နေလိုက်တယ်။ ပုတီးလဲစိပ်ပြီးရော ဆရာတော် ကျောင်းဆောင်ဆီကို ပြန်ကြွလာတယ်။ ကျောင်းရှေ့မှာ သူ့သားတော်မောင် ဆရာတော်လေးကို အရုဏ်ဆွမ်းကပ်ဖို့အတွက် မယ်တော်ကြီးဟာ ငါးကိုင်နေတယ်။

ဒါပေမဲ့ ဆရာတော် ကျောင်းဆောင်ဆီကို ပြန်ကြွလာတော့ မယ်တော်ကြီးဟာ ငါးကိုင်လျက်တန်းလန်းကြီး တက် နေတယ် လေ။ ဟာ.. မယ်တော်ကြီး မယ်တော်ကြီး ဘယ်လိုဖြစ်တာလဲ။ ဒုက္ခပါပဲ စောစောက အကောင်းကြီးပါ။ မယ်တော်ကြီးကို ဘယ်လိုမှ ခေါ်လို့မရတော့ဘူး။ သတိလဲမရရှာဘူး။ ကော့ကော့ပြီးတက်နေတုန်းပဲ။

အင်း… ဘယ်လိုဖြစ်တာပါလိမ့်။ ဟာ… ဟုတ်ပီ။ ဟိုကောင်အစွမ်းပြတာပဲ ဖြစ်မယ်။ ဆိုပြီး ဆရာတော်ဟာ တောင်ပို့ဆီကို ပြန်ရောက်လာပြီး ရပြီ ရပြီ ဒီလောက်ဆို သဘောပေါက်ပြီ လို့ ပြောလိုက်တယ်။ ပြောပြီးမယ်တော်ကြီးဆီ ပြန်လာတော့ မယ်တော်ကြီးက စောစောက ဘာမှမဖြစ်ခဲ့သလိုပဲ ငါးကို ပြန်ကိုင်နေတာ တွေ့လိုက်ရ တယ်။ တစ္ဆေသရဲကို အယုံအကြည်မရှိတဲ့ ဆရာတော်ဟာ ဒီတခါတော့ ကိုယ်တွေ့မို့ ယုံလိုက်ရရှာတယ်။

ဆက်ဖတ်ရန်...

Related Posts Plugin for WordPress, Blogger...